Monday, 05 March 2012 20:23 သျှမ်းသံတော်ဆင့် ...
လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူများစာရင်းကို ကချင်ပြည်နယ် ဗန်းမော်မြို့ ၌ မတ်လ ၁ ရက်နေ့ က ထုတ်ပြန်လိုက်ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလက မဲပေးခွင့်ရှိသူများ စာရင်း ဖြစ်နေကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဗန်းမော်မြို့စည်းရုံးရေးခရီးစဉ်အတွင်း ဗန်းမော်ကိုယ်စားလှယ်လောင်း ဦးဘမြင့်နှင့်အတူ တွေ့ရစဉ် ။ ဓါတ်ပုံ - MG သျှမ်းသံတော်ဆင့်
မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးရုံးများ၌ အဆိုပါစာရင်း ကြေညာထားရာ ၂၀၁၀ ခုနှစ်က အသက် ၁၆နှင့် ၁၇ နှစ်အရွယ် လူ ငယ်များ ယခု အသက် ၁၈ နှစ်ပြည့်ပြီ ဖြစ်သော်လည်း မဲပေးခွင့်ရှိသူများ စာရင်းတွင် အဆိုပါလူငယ်များ အမည်စာရင်း ပါ ၀င်ခြင်း မရှိကြောင်း သိရသည် ။
ရပ်ကွက်များအတွင်းရှိ လူငယ်များက အဆိုပါစာရင်းကိစ္စ NLD ရုံးသို့ လာရောက်ပြောကြားသဖြင့် သိရှိရကြောင်း ဗန်မော် မြို့ နယ် NLD အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“မတ်လ ၁ ရက်နေ့က ရပ်ကွက်ရုံးတွေမှာ မဲပေးပိုင်ခွင့်ရှိသူများစာရင်းထုတ်ပြန်ထားပြီလေ။ အဲဒီစာရင်းတွေက ၂၀၁၀ တုန်း က စာရင်းတွေဖြစ်နေတယ်။အခုအသစ်ကောက်ယူထားတာ မဟုတ်ဘူးပေါ့။ အဲဒီကြားမှာ သေသွားတဲ့သူတွေရှိမယ်။ ၁၈ နှစ် ပြည့်လာမဲ့သူတွေလည်းရှိမယ်ပေါ့ ။အဲဒီစာရင်းတွေကို နှုတ်ထားတာ တိုးထားတာတို့မရှိဘူးပေါ့ ။ လူငယ်တွေက လာပြောကြ တယ်။ ၂၀၁၀ တုန်းက သူ့အသက်မပြည့်သေးဘူး အခုအသက်ပြည့်ပြီ။ သူ့စာရင်းမပါဘူးပေါ့လေ။ တခိျု့ကလည်း သေသွားပြီ။ အဲဒါတွေမထုတ်ထားသေးဘူးပေါ့ ” ဟု သူက ပြောသည် ။
၎င်းကိစ္စ ၇ ရက်အတွင်း ကန့်ကွက်ရမည်ဖြစ်သော်လည်း လောလောဆယ် မြို့နယ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ ခရီးလွန်နေ ကြောင်း သူက ဆက်ပြောသည် ။
“အဲဒီစာရင်းက ရ ရက်အတွင်းကန့်ကွက်ရင်ကန့်ကွက် မကန့်ကွက်ရင်အတည်ဖြစ်မယ်ပေါ့လေ။ ဒါပေမဲ့ အခုအရေးပါတဲ့ လူတွေက ခရီးလွန်နေကြတယ် ” ဟု ဆိုသည် ။
ကြားဖြတ်ရွေးကောက်ပွဲအား လာမည့်ဧပြီလဆန်းပိုင်းတွင် ကျင်းပရန်ရှိပြီး ဗန်းမော်မြို့နယ်အတွင်း၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ကြံ့ဖွံ့ပါတီတို့ ယှဉ်ပြိုင်ကြမည်ဟု သိရသည် ။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/2968-2012-03-05-13-30-34.html
0 comments:
Post a Comment