မင်္ဂလာနှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ

Thursday, February 2, 2012

ပထမဦးဆုံး ရှမ်းပြည်နယ်နေ့ကို ရန်ကုန်တွင်ကျင်းပမည်

ဖေဖော်ဝရီ ၁ ရက်။     ။
၅၆ နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပထမဆုံး ရှမ်းပြည်နယ်နေ့ကို ရန်ကုန်တွင် ကျင်းပမည်ဖြစ်ကြောင်း ယင်းပွဲတော်ကို ဦးဆောင်ကျင်းပသော တောင်ကြီးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော ရှမ်းပြည်နယ်နေ့ကို ယခင်နှစ်များက ပွဲတော်ကျင်းပခွင့်ရခဲ့သော်လည်း ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ခွင့်မရခဲ့ဘဲ၊ ယခုနှစ်မှသာ ကျင်းပခွင့် ရခဲ့သည်ဟု ၎င်းက ဆိုသည်။

“ခါတိုင်းနှစ်ဆို ရှမ်းတိုင်းရင်းသား ရိုးရာပဒေသာကပွဲလို့ပဲ အမည်တပ်ပြီး ကျင်းပခဲ့ရတာ၊ ဒီနှစ်မှ ရှမ်းပြည်နယ်နေ့လို့ သုံးနှုန်းခွင့် ရခဲ့တာလေ”
ဟု တောင်ကြီးအသင်းမှ ဒုတိယဥက္ကဌ ဒေါ်စောသီတာထွေး က ပြောပါသည်။

ခါတိုင်းနှစ်နှင့် မတူဘဲ ယခုနှစ်၏ ထူးခြားသော အစီအစဉ်အဖြစ် ယင်းနေ့တွင် နံနက်ဆယ်နာရီမှစ၍ ကိုးမိုင်ရှမ်းကျောင်းရှိ နှီးဘုရားကြီးအောက်တွင် ရှမ်းတိုင်းရင်းသားများနှင့် ပတ်သက်သော ပြခန်းတစ်ခု ဖွင့်လှစ်၍ ရိုးရာဝတ်စုံများကိုလည်း ခင်းကျင်း ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။


ရှမ်းပြည်နယ်နေ့သည် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံတို့နှင့် သက်ဆိုင်သော ပွဲတော် တစ်ခုဖြစ်ပြီး၊ ပအိုးဝ်၊ ပလောင်၊ ဓနု၊ တအောင်းစသည့် တိုင်းရင်းသားများ၏ ရိုးရာအက များဖြင့် လည်း ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အချို့တိုင်းရင်းသားများမှာ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော်လည်း ပွဲစီစဉ်ကျင်းပရာ၌ ရိုးရာဝတ်စုံများရရှိရန် အခက်အခဲရှိများ ရှိနေသောကြောင့် ပါဝင်ရန် မသေချာသေးကြောင်း ၎င်းက ဆိုသည်။

“အားလုံးကိုတော့လက်လှမ်း မမီသေးဘူး၊ ၀တ်စုံတွေ ရနိုင်ရင်တော့ ထည့်သွင်း ဖျော်ဖြေသွားမှာပါ”
 ဟု တောင်ကြီးအသင်းမှ ဒေါ်စောသီတာထွေး က ဆိုသည်။

ရှမ်းပြည်နယ်နေ့တွင် ရှမ်းပြည်နယ် နှင့် ရန်ကုန်ရှိ ရှမ်းတိုင်းရင်းသား နာမည်ကြီး အနုပညာရှင်များ တက်ရောက်လေ့ရှိသော်လည်း ယခုနှစ်၌ နေပြည်တော်တွင် ကျင်းပရန်ရှိသော အကယ်ဒမီဆုပေးပွဲနှင့် တိုက်ဆိုင်နေသောကြောင့် အချို့အနုပညာရှင်များ တက်ရောက်နိုင်ရန် မသေချာကြောင်း ၎င်းက ဆိုသည်။
”ဖိတ်တာတော့ အားလုံး ဖိတ်ထားတယ်။ အကယ်ဒမီပွဲနဲ့ တိုက်နေတော့ တစ်ချို့ လာနိုင်မယ် မထင်ဘူး” 
ဟု ၎င်းက ဆိုသည်။

အနယ်နယ်အရပ်ရပ်ရှိ ရှမ်းတိုင်းရင်းသားများနှင့် ရှမ်းပြည်အတွင်း နေထိုင်ကြသော တိုင်းရင်းသားများ ကလည်း ရှမ်းပြည်နယ်နေ့အား တက်ရောက်ရန် စိတ်အားထက်သန်နေကြကြောင်း သိရသည်။
ရှမ်းပြည်နယ်နေ့သည် ၁၉၄၇ ဖေဖ်ာဝါရီလ ၆ ရက်နေ့တွင် ရှမ်းတောင်တန်းဒေသတွင် ကျင်းပသော ပင်လုံညီလာခံမှ တဆင့်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ပင်လုံညီလာခံတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံး တက်ရောက်ခွင့် မရှိခဲ့ပေ။ ရှမ်းပြည်နယ်နေ့ကို  ရှမ်းပြည်နယ်ရှိ အချို့မြို့ကြီးများတွင်လည်း ကျင်းပကြမည် ဖြစ်ကြောင်း သိရသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes