မင်္ဂလာနှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ

Wednesday, February 1, 2012

ကာကွယ်ရေးအသုံးစားရိတ် ပမာဏ ငါးဆယ်ရာခိုင်နှုန်းတိုးမြင့်ရန် လွှတ်တော်၌ အဆိုတင်


လာမည့် ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအတွက် သုံးမည့် အသုံးစားရိတ်အား ယခုသုံးစွဲလျက်ရှိသော ပမာဏ၏ ငါးဆယ်ရာခိုင်နှုန်း ပိုမိုသုံးဆွဲရန်အတွက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ယနေ့ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် တတိယလွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချိုကဆိုသည်။


ယင်းအဆိုအရ လာမည့် ၂၀၁၂ - ၁၃ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစားရိတ်အား ယခု၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် အသုံးပြုလျက်ရှိသည့် ကျပ်ငွေ  ၁၁၉၂ ဘီလီယံ အစား ကျပ်ငွေ ၁၈၇၇ ဘီလီယံသို့ တိုးမြင့်သုံးစွဲမည်ဖြစ်သည်။
၎င်းပမာဏမှာ စုစုပေါင်း အသုံးစားရိတ် ၏ ၁၅ ရာခိုင်နှုန်းဖြစ်ပြီး လက်ရှိ ဘဏ္ဍာနှစ်အသုံးစားရိတ်မှာမူ ၂၃.၆ ရာခိုင်နှုန်းရှိကြောင်း ၎င်းလွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က “ ကာကွယ်ရေးအသုံး စားရိတ်ကတော့လိုပါတယ်။ ဒါပေမယ့် လိုအပ်တဲ့နေရာသုံးမသုံးပဲ စဉ်းစားရမယ်။ စစ်တပ်ထဲကို အတင်းအကျပ်ထည့်နေရတာထက် စစ်တပ်ထဲကို လူထုက ဆန္ဒအလျောက်ဝင်လာတာမျိုး ဖြစ်အောင်လုပ်စေချင်တယ်။ လူထု ဘဏ္ဍာဖြစ်တဲ့ လယ်ယာတွေကို လုပြီး တည်ဆောက်တဲ့ စစ်တပ်မျိုးမဖြစ်စေချင်ဘူး။”ဟု ၎င်း၏ အမြင်ကို ပြောကြားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း ကာကွယ်ရေးအသုံးစားရိတ်မှာ အရေးကြီးသည် မှန်သော်လည်း မိမိနိုင်ငံထက်ချမ်းသာသော နိုင်ငံများနှင့် နှိုင်းယှဉ်သုံးစွဲ၍ မဖြစ်နိုင်ကြောင်း ယနေ့ ၀န်ကြီး နှိုင်းယှဉ်သွားသောနိုင်ငံများမှာ မိမိတို့ နိုင်ငံထက်ချမ်းသာသော နိုင်ငံများဖြစ်ကြောင်း ထိုနိုင်ငံများ၏ အသုံးစားရိတ်နှင့်နှိုင်းယှဉ်မည့်အစား မိမိနိုင်ငံ၏ ၀င်ငွေနှင့် ချင့်ချိန် သုံးစွဲသင့်ကြောင်း ပြောကြားသည်။

စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ အငြိမ်းစား ပါမောက္ခ ဦးမော်သန်းကလည်း မိမိတို့နိုင်ငံအနေဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ငွေကြေးပိုမိုသုံးစွဲသင့်ကြောင်း ကာကွယ်ရေးနှင့်ကျန်သည့် ကဏ္ဍများတွင် ခြိုးခြံချွေတာ သုံးစွဲသင့်ကြောင်း ၊ မိမိတို့နိုင်ငံ၏ အနာဂတ်အတွက် အကျိုးရှိအောင် စီမံသုံးစွဲသင့်ပြီး အခြားနိုင်ငံများနှင့် နှိုင်းယှဉ်သုံးစွဲခြင်းမှာ မသင့်လျော်ကြောင်းပြောကြားသည်။

“ငွေ တသိန်းရှိတဲ့သူက နှစ်သောင်းလောက်သုံးတာ မများဘူး။ ငွေတစ်ရာရှိတဲ့သူက ခုနှစ်ဆယ်သုံးတာများတယ်။ ကျွန်တော်ကတော့ ဒါပဲပြောချင်တယ်” ဟု ဦးမော်သန်းကဆိုသည်။

ယနေ့ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကာကွယ်ရေးအသုံးစားရိတ်အပြင် ပညာရေးနှင့် ကျန်းမာရေးအသုံးစားရိတ်များကိုပါ တိုးမြင့်သုံးစွဲရန် အဆိုပြုခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။

ယင်းအဆိုအရ လာမည့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကျန်းမာရေးကဏ္ဍအတွက် ၂.၈၂၂ ရာခိုင်နှုန်းးသုံးစွဲမည်ဖြစ်ပြီး ပညာရေးကဏ္ဍတွင်  ၄.၇၇ ရာခိုင်နှုန်း သုံးစွဲမည်ဖြစ်သည်။
ဇန်န၀ါရီ ၃၁ ၊ ၂၀၁၂ (YPI)

http://www.thithtoolwin.com/2012/02/blog-post_9770.html

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes