မင်္ဂလာနှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ

Monday, March 19, 2012

ဖြစ်စဉ်အသေးစိတ်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ထပ်မံတင်ပြနိုင်ရန် လျော်ကြေးငွေကျပ် ၁၂၀၀၀ ဖြင့် ပြန်သိမ်းခံခဲ့ရသည့် မြေကွက်ပိုင်ရှင်များနှင့် နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများ၊ ၈၈ မျိုးဆက် ကျောင်းသားများ တွေ့ဆုံ

Monday, 19 March 2012 10:37
လျော်ကြေး ငွေ၁၂၀၀၀ကျပ်ဖြင့် ပြန်လည်သိမ်းခံခဲ့ရသည့် ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ မြေကွက်များနှင့်ပတ်သက်ပြီး ဖြစ်စဉ်အသေးစိတ်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ထပ်မံတင်ပြ နိုင်ရန် အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီး ဦးဆောင်သည့် ကျောင်းသားဟောင်းများနှင့် မြေကွက်ပိုင်ရှင်များ မတ်လ ၁၇ ရက် နေ့ကဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ၁၂၆ ရပ်ကွက်ရှိ အနန္တမေတ္တာ ကျောင်းတိုက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
7259
ဦးကိုကိုကြီးနှင့် ဦးခိုင်မောင်ရည်တို့အား အနန္တမေတ္တာ ကျောင်းတိုက်တွင် တွေ့ရစဉ်

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ အစိုးရ၀န်ထမ်းများသို့ မြေကွက်ချထားခဲ့မှုများ ပယ်ဖျက်ခဲ့မှုအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၄ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ အစီရင်ခံစာ တင်ပြခဲ့ကြောင်းလည်း သိရှိရသည်။
ယင်းသို့တွေ့ဆုံရာတွင် ၈၈မျိုး ဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက “လက်ရှိကြုံ တွေ့နေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကိုယ်စားပြုဒီမိုကရေစီနဲ့ တိုက်ရိုက်ဒီမိုကရေစီ ဆိုတဲ့ပုံစံနှစ်ခုနဲ့ ကြိုးစားသွားမယ်။ ကိုယ်စားပြု ဒီမိုကရေစီနည်းကတော့ လွှတ်တော် ကိုယ်စားလှယ်တွေက တစ်ဆင့် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပြီး တိုက်ရိုက် ဒီမိုကရေစီကတော့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အာဏာပိုင် အဖွဲ့အစည်း မဟုတ်ပေမယ့် ပြည်သူတွေဘက်က ရပ်တည်ပြီး အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ” ဟုဆိုခဲ့သည်။

ဦးခိုင်မောင်ရည်က မြေကွက်များ ချထားပေးစဉ်က စည်းကမ်းချက် အချို့နှင့် အပိုစည်းကမ်းများ ထုတ်ထားသည်ကိုတွေ့ရကြောင်း၊ အပိုစည်းကမ်းများတွင် သုံးလအတွင်း လာရောက်နေထိုင်ခြင်း၊ ဆောက်လုပ်ခြင်း မပြုလုပ်ရဟု ပါရှိကြောင်း၊ နေထိုင်မည်ဆိုပါကလည်း မြို့ပြအင်္ဂါရပ်များနှင့် ကိုက်ညီ မှု မရှိသည့်အတွက် သွားရောက်နေထိုင်မှု မပြုခြင်းဖြစ်ကြောင်း၊ မြို့ပြအင်္ဂါရပ် နှင့် ညီညွတ်သည့် အခြေအနေများကို မြို့ပြစီမံကိန်းချထားသူက ဖန်တီးပေးမှ ပြည်သူများ နေနိုင်မည် ဖြစ်ကြောင်း၊ မြို့ပြအင်္ဂါရပ်များနှင့် ကိုက်ညီမှုမရှိသေးဘဲ သွားရောက်နေထိုင်ခြင်း မပြုသေးသည့် ပြည်သူများအပေါ် မြေကွက်သိမ်းမည်ဆိုသည့် ထုတ်ပြန်ချက် မှာ မဆီလျော်သည့် ထုတ်ပြန်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 http://www.news-eleven.com/index.php?option=com_content&view=article&id=12867:2012-03-19-04-13-36&catid=42:2009-11-10-07-36-59&Itemid=112

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes