မင်္ဂလာနှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ

Friday, January 27, 2012

ရှမ်းပြည်တပ်မတော်တောင်ပိုင်း ဌာနချုပ်နေရာ မပြေလည်နိုင်သေး

အစိုးရနှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-S)တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ SSA-S ဌာနချုပ်နယ်မြေ သတ်မှတ်ရေးကိစ္စနှင့်ဆက်နွယ်နေသည့် စစ်ရေးအနေအထားတွင် ပြေလည်မှု မရရှိသေးကြောင်း SSA-S ကထုတ်ဖော်ပြောဆိုသည်။
ယခုလ ၁၆ရက်နေ့၌ တောင်ကြီးမြို့တွင် အစိုးရဘက်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင် ၁၁ဦးနှင့် SSA-S ဘက်မှ အဖွဲ့ဝင် ၁၀ဦးတို့တွေ့ဆုံခဲ့ပြီး အချက် ၁၁ချက်ပါ သဘောတူညီချက်တရပ် မူအားဖြင့် ချုပ်ဆိုခဲ့သော်လည်း ယင်းအချက်အပေါ် ဆက်လက်ညှိနှိုင်းရန်လိုနေသေးကြောင်း ရှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှုးစိုင်းလောဝ်ဆိုင်းက ပြောသည်။

SSA-S ၏ဌာနချုပ်နယ်မြေသတ်မှတ်ရန် ဟိုမိန်းနှင့်မိန်းထားမြို့နယ်ခွဲနှစ်နေရာကို တောင်းဆိုခဲ့ရာတွင် ၄င်းတို့ရေရှည်အခြေချ နေထိုင်ရန်အတွက် ယင်းဒေသများအနီးရှိ အစိုးရတပ်များနှင့် အခြားတိုင်းရင်းသားတပ်များအား ရုပ်သိမ်းစေရန်ဆန္ဒရှိကြောင်း SSA-S ဘက်မှဆွေးနွေးခဲ့ရာ အစိုးရဘက်မှ အောက်ခြေအဆင့် တပ်များအချင်းချင်း အကြား ပြန်လည်ဆွေးနွေးရန် ပြန်လည်ပြောဆိုခဲ့သည်ဟု ဗိုလ်မှုးစိုင်းလောဝ်ဆိုင်းကပြောသည်။

“ကျွန်တော်တို့အနေနဲ့ တပ်တွေအများကြီးနဲ့ ကိုယ့်ဘာသာကိုယ်ညှိရမယ့်ကိစ္စမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ချေရှိလာမှာကိုလည်း စိုးရိမ်မိတယ် ”ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ဌာနချုပ်နယ်မြေခွဲဝေမှုအရေးတွင် အစိုးရကအဓိကဦးဆောင်ကာ SSA-S အပါအ၀င် ထိုဒေသရှိလက်နက်ကိုင်တပ်များအားလုံး စုပေါင်းဖြေရှင်းမှသာ ပြေလည်နိုင်မည်ဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ်မှစစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုသည်။

“ဒီကိစ္စမှာ အစိုးရမပါရင်လည်းမဖြစ်နိုင်သလို၊ အစိုးရတစ်ဖက်တည်းနဲ့လည်းမရဘူး။ အားလုံးစုပေါင်းဖြေရှင်းမှရမှာ။ ဒါမှမဟုတ်ရင် လက်နက်ကိုင်လို့ရတဲ့နေရာဆိုတော့ ပြဿနာပေါင်းစုံဖြစ်လာနိုင်တယ် ”ဟု ၎င်းကပြောသည်။

SSA –S အဖွဲ့အနေဖြင့် ဗဟိုဌာနချုပ်ရှိ အကြီးအကဲများနှင့် တိုင်ပင်ဆွေးနွေး လုပ်ဆောင်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆွေးနွေးရန်ကျန်ရှိနေသည့် အချက်များကိုလည်း လိုအပ်သလို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း စိုင်းလောဝ်ဆိုင်းက ဆိုသည်။

SSA-S နှင့် မြန်မာအစိုးရတို့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ရက်နေ့တွင် တောင်ကြီးမြို့၌ အပစ်အခတ်ရပ်စဲရေး အတွက် ပြည်နယ်အဆင့်အာဏာပိုင်များနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။

အပစ်အခတ်ရပ်စဲရန်၊ ဆက်သွယ်ရေးရုံးများထားရှိရန်၊ လက်နက်ကိုင်ဆောာင်ခြင်းမပြုဘဲ လွတ်လပ်စွာသွားလာနိုင်ရန်၊ နိုင်ငံရေးကိစ္စရပ်များကို ပြည်ထောင်စုအဆင့်တွင်ဆွေးနွေးရန် စသည့်အချက်လေးချက်ကိုအစိုးရဘက်မှ ဆွေးနွေးခဲ့ပြီး SSA တောင်ပိုင်းကလည်း အပစ်အခတ်ရပ်စဲရန် ၊ နိုင်ငံရေးပြဿနာများကို လွတ်လပ်စွာဖြေရှင်းရန်၊ ဗဟိုဌာနချုပ်နယ်မြေသတ်မှတ်ေ၇းအပါအ၀င် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး စသည့်အချက်တို့ကိုဆွေးနွေးခဲ့ကာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဒီဇင်ဘာ ၁၇ ရက်နေ့တွင်တာချီလိတ်မြို့၌် အစိုးရနှင့် SSA-S ထပ်မံတွေ့ဆုံခဲ့သည်။ ယင်းနောက် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲပြုလုပ်ခဲ့သည် ယခုလ ၁၆ ရက်နေ့ မတိုင်မီကလည်း အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် နှစ်ကြိမ်တွေ့ဆုံခဲ့သေးကြောင်း စိုင်းလောဝ်ဆိုင်းက ပြောသည်။

SSA-S သည် ၁၉၉၅ ခုနှစ်တွင် ဦးခွန်ဆာ၏ MTA တပ်ဖွဲ့မှ သီးခြားခွဲထွက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ယခုအခါ ၎င်း၏ဌာနချုပ်မှာ ရှမ်းပြည်နယ်ရှိ လွယ်တာလျန်း၌ ရှိသည်။          ။
ဇန်န၀ါရီ ၂၅၊ ၂၀၁၂ (YPI)
http://www.thithtoolwin.com/2012/01/blog-post_5614.html

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes