မင်္ဂလာနှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ

Tuesday, February 28, 2012

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍများ အတွက် စုစုပေါင်း အသုံးစရိတ်၏ ၃ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၀၄ ရာခိုင်နှုန်း တိုးမြှင့်ထားပြီး နောင်လာမည့်နှစ်များတွင် ဆက်လက် တိုးမြှင့် လျာထားမည်ဟုဆို

Sunday, 26 February 2012 16:10
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် တွင် ကျန်းမာရေးကဏ္ဍ၊ ပညာရေး ကဏ္ဍများအတွက် စုစုပေါင်း အသုံးစရိတ်၏ ၃ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၀၄ ရာခိုင်နှုန်း တိုးမြှင့်ထားပြီး နောင်လာမည့် နှစ်များတွင်လည်း ဆက်လက် တိုးမြှင့် လျာထားပေးသွားမည်ဟု ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။
7224
လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်


“၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ရသုံးခန့်မှန်းခြေ ငွေစာရင်းမှာ ကျန်းမာရေး အသုံးစရိတ်ဟာ စုစုပေါင်း အသုံးစရိတ်ရဲ့ ၁ ဒသမ ၁ ရာခိုင်နှုန်း၊ ပညာရေး အသုံးစရိတ်ဟာ စုစုပေါင်းအသုံးစရိတ်ရဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်ခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် မှာတော့ ကျန်းမာရေး အသုံးစရိတ် ဟာ စုစုပေါင်း အသုံးစရိတ်ရဲ့ ၃ ရာ ခိုင်နှုန်း၊ ပညာရေး အသုံးစရိတ်ဟာ ၅ ဒသမ ၀၄ ရာခိုင်နှုန်းအထိ တိုးမြှင့်လျာထားခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာလည်း စုစုပေါင်း အသုံးစရိတ်မှာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍများရဲ့ပါဝင်မှု အချိုးအစားကို ဆက်လက်တိုးမြှင့် လျာထားပေး သွားမှာပါ”ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေး အသုံးစရိတ်မှာ ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းတွင် အသုံးစရိတ်စုစုပေါင်း ကျပ် ၉၂၀၀၈ ဒသမ ၇၈၆ သန်း လျာထားသုံးစွဲခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘ ဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် အသုံးစရိတ်စုစုပေါင်း ကျပ် ၃၆၇၉၇၀ ဒသမ ၃၇၅ သန်းလျာ ထားသည့်အတွက် ပြီးခဲ့သည့်နှစ်ထက်  လေးဆခန့် တိုးတက် လျာထားကြောင်း သိရသည်။

“၂၀၁၂-၂၀၁၃ ခုနှစ်မှာတော့ သာမန်အသုံးစရိတ် ကျပ် ၁၅၄ ၄၃၅ ဒသမ ၀၉၃ သန်း လျာထား သည့်အတွက် ဆရာဝန်နှင့်သူနာပြုများ တိုးချဲ့ခန့်ထားနိုင်ခြင်း၊ ဆေးရုံသုံး ဆေးပစ္စည်းများ ပိုမိုဝယ်ယူ ဖြည့်တင်းနိုင်ခြင်း၊ ဆေးရုံများအား ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ပိုမို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။၂၀၁၁ -၂၀၁၂ ခုနှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် သုံးစွဲငွေမှာ ကျပ် ၂၅၂၇၈ ဒသမ ၃၁၀ သန်းဖြစ်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ကျပ် ၂၁၃၅၃၅ ဒသမ ၂၈၂ သန်းလျာထားသည့် အတွက် ဆေးရုံဆေးခန်းများနှင့် ကျေးလက် ကျန်းမာရေးဌာနများ ပိုမို တိုးချဲ့ဖွင့်လှစ်နိုင်မှာဖြစ်ပြီး ဆေးရုံများတွင် လိုအပ်သည့် ဆေးရုံသုံး စက်ပစ္စည်း ကိရိယာတန်ဆာပလာများ ပိုမိုဝယ်ယူ ဖြည့်တင်းနိုင်မှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စားဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။
“ပညာရေးကဏ္ဍရဲ့ ၂၀၁၁-၂၀၁၂ ခုနှစ် သာမန် အသုံးစရိတ် သုံးစွဲငွေမှာ ကျပ် ၂၇၄၈၆၂ ဒသမ ၈၃၁ သန်းဖြစ်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်တွင် သာမန် အသုံးစရိတ် ကျပ် ၄၀၈၁၆၄ ဒသမ ၄၁၉ သန်း လျာထားသည့် အတွက် ဆရာ၊ ဆရာမများ ပိုမိုခန့်ထားနိုင်ခြင်း၊ ဥပဓိရုပ် မကောင်းသော အခြေခံပညာ ကျောင်းများအား ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ကျန်းမာရေး အသုံးစရိတ်သည် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းနေပြီး လာအို ၃ ဒသမ ၇ ရာခိုင်နှုန်း၊ မလေးရှား ၆ ဒသမ ၉ ရာခိုင်နှုန်း၊ နီပေါ ၁၁ ဒသ မ ၃ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် ၆ ဒသမ ၁ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား ၆ ဒသမ၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား ၉ ဒသမ ၀ ရာခိုင်နှုန်း သုံးစွဲနေကြောင်း သိရသည်။ ပညာရေးကဏ္ဍတွင် မြန်မာ ၃ ဒသမ ၅ ရာခိုင်နှုန်း၊ ထိုင်း ၂၀ ဒသမ ၉ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ် ၁၄ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား ၁၂ ဒသမ ၄ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား၁၇ ဒသမ ၅ ရာခိုင်နှုန်း၊ လာအို ၁၂ ဒသ မ ၂ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် ၁၅ ဒသမ ၂ ရာခိုင်နှုန်း၊ စင်ကာပူ ၁၅ ဒသမ ၃ ရာခိုင်နှုန်း သုံးစွဲနေသည့် အတွက် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာ လျော့နည်းနေကြောင်း သိရသည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=12519:2012-02-26-09-44-33&catid=42:2009-11-10-07-36-59&Itemid=112

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes