မင်္ဂလာနှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေ

Friday, May 31, 2013

တိုက်ပွဲများ ထပ်မံမဖြစ်ပွားရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်သူလူထု ပါဝင်သော အလုပ်အဖွဲ့ ထားရှိရန် အပါအ၀င် အချက် ၇ ချက်ကို အစိုးရနှင့် KIO တို့ သဘောတူ လက်မှတ်ရေးထိုး

Created on Friday, 31 May 2013 03:18 

5.31.15
ငြိမ်းချမ်းရေးဆွေးနွေးပွဲ တတိယနေ့တွင် သဘောတူညီချက် (၇) ချက်ကို လက်မှတ်ရေးထိုးအပြီး ဦးအောင်မင်းနှင့် ဆွမ်လွတ်ဂမ်တို့အား တွေ့ရစဉ်   ...

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ မြစ်ကြီးနားမြို့၌ သုံးရက်ကြာ တွေ့ဆုံခဲ့ပြီး မေ ၃၀ ရက် ညနေပိုင်းတွင် ဆွေးနွေးမှုကို အဆုံးသတ်ခဲ့ပါသည်။

ဆွေးနွေးပွဲအပြီးတွင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ထပ်မံမဖြစ်ပွားရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပြည်သူလူထု ပါဝင်သော အလုပ်အဖွဲ့ ထားရှိရန် အပါအ၀င် အချက် (၇) ချက်ကို သဘောတူညီခဲ့ပြီး နှစ်ဖက်ကိုယ်စားလှယ်များနှင့် လက်မှတ်ရေးထိုး ခဲ့ကြပါသည်။
အဆိုပါ အချက် (၇)ချက်အနက် အချက်(၆)တွင် ပါဝင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လိုအပ်သော လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်ရန် အလုပ်အဖွဲ့(Technical Team) များ ဖွဲ့စည်းရာတွင် ပြည်သူလူထု ကိုယ်စားပြုပြီး နှစ်ဖက်စလုံးက လက်ခံသောပုဂ္ဂိုလ်များ ပါဝင်မည်ဖြစ်ပါသည်။
''ငြိမ်းချမ်းရေးရရှိဖို့ပဲ ကျွန်တော်တို့ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးတဲ့ အခါမှာလည်း တန်းတူရည်တူ အခွင့်အရေး ရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းခွင့် ရရှိရေးဆိုတဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ၊ ဒါကို အဓိကထား ဆွေးနွေးပါတယ်။ ဒီအချက်ကိုပဲ အကြိတ်အနယ် ဆွေးနွေးခဲ့ရတယ်'' ဟု ဦးအောင်မင်းက ဆိုသည်။
''ဒီသုံးရက်အတွင်းမှာ ကျွန်တော်တို့ ဆွေးနွေးကြတာက ယခင် ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတဲ့ ဆွေးနွေးပွဲတွေမှာ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်မယ်လို့ ပြောခဲ့ကြတဲ့အတိုင်း ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းစနစ်အပိုင်း ကျွန်တော်တို့ဘက်က ချဉ်းကပ်ပုံ ချဉ်းကပ်နည်း၊ နိုင်ငံတော် အစိုးရဘက်က လုပ်ထုံးလုပ်နည်း၊ လက်တွေ့ဘယ်လို ဆောင်ရွက်မလဲဆိုတဲ့ ကိစ္စကို ဆွေးနွေးခဲ့တာပါ'' ဟု KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့သည်။
သဘောတူညီချက်များထဲတွင် အပစ်အခတ်ရပ်စဲရေးကို ချန်လှပ်ခဲ့ပြီး ထိုအစား နှစ်ဖက်တပ်များ တိုက်ပွဲထပ်မံ မဖြစ်ပွားရေးကို ထိန်းသိမ်းဆောင်ရွက်ခြင်း အချက်ပါဝင်ပြီး ထိုအချက်ကို ယနေ့ဆွေးနွေးပွဲ လက်မှတ်ရေးထိုးပြီးသည်နှင့် စတင်လုပ်ဆောင် သွားမည်ဟု သိရသည်။
5.31.16
ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ လက်ဆွဲနှုတ်ဆက်စဉ်
''KIO အနေနဲ့ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး ကြေညာပေးဖို့ကို တိုက်ပွဲတွေ စဖြစ်ကတည်းက ပြည်နယ်အစိုးရကို တောင်းဆိုခဲ့တဲ့အချက် ဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ နိုင်ငံတော် အစိုးရအနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်သွားမယ်ဆိုတာ သိရပါတယ်။
KIO အနေနဲ့ မျှော်မှန်းတာကတော့ ပြည်ထောင်စု အရေးကို ဆောင်ရွက်တဲ့အခါမှာ KIO တစ်ဖွဲ့တည်း၊ ကချင်တစ်မျိုးသားတည်းနဲ့ မပြီးနိုင်ပါဘူး။ အဲဒီအတွက် ကြိုတင်ပြင်ဆင်မှုများ၊ ကြိုတင်ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရေးအတွက် ဒီလိုအခြေအနေမျိုး ရှိသင့်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အသွင်ဆောင်တဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးဖို့ နိုင်ငံတော်အစိုးရက ခွင့်ပြုတာကို ကြိုဆိုပါတယ်'' ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုပါသည်။
KIO အနေဖြင့် ၁၇ နှစ်တာ အပစ်အခတ်ရပ်စဲခဲ့သည့် အတွေ့အကြုံများအရ အချို့အရာများကို ဆုံးဖြတ်ချက်ချရန် ခက်ခဲစေသည်ဟုလည်း ဗိုလ်ချုပ်ဂွမ်မော်က မတ် ၂၈ ရက်က ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ယနေ့ဆွေးနွေးပွဲ၏ ရလဒ်များကြောင့် ပိုကောင်းသော အခြေအနေတစ်ရပ် မကြာခင် ရောက်လာတော့မည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက သတင်းထောက်များကို ပြောကြားခဲ့ကာ ထိုပြောစကားကို KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ထောက်ခံခဲ့သည်။
ထို့အပြင် ရွှေလီဆွေးနွေးပွဲ ရလဒ်ထက် ရလဒ်ကောင်းများ ရရှိသည့်အတွက် အားရကျေနပ်မိကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ဆက်လက်ပြောကြားခဲ့သည်။
''ကောင်းတဲ့ လက္ခဏာတွေ အများကြီး မြင်တွေ့ခဲ့ရတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဆွေးနွေးပွဲရလဒ်က ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းတွေကို ဆက်လက်ဖော်ဆောင် နိုင်လိမ့်မယ်လို့ ခံစားရပါတယ်'' ဟု ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ဗီဂျေးနမ်ဘီးယားက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များ တိုးတက်စေရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုများ အတွက် ကုလသမဂ္ဂ အနေဖြင့် တိုက်ရိုက်အားဖြင့် လည်းကောင်း၊ သွယ်ဝိုက်သောအားဖြင့် လည်းကောင်း ကူညီဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ဆောင်ရွက် ပေးသွားမည်ဟု နမ်ဘီးယားက ပြောကြားသည်။
ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သော အသက် ၈၅ နှစ်အရွယ်ရှိ ကချင်ရပ်မိရပ်ဖ ဒူဝါဇော်ဂမ်ကလည်း ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်ဖက်နှင့် တစ်ဖက် ခွင့်လွှတ်ခြင်းတရားကို အခြေခံပြီး ဆွေးနွေးရမည်ဟု The Daily Eleven သို့ ပြောကြားခဲ့သည်။
သဘောတူညီချက်၌ ပါဝင်သော အချက်များ
(၁) နိုင်ငံတော်အစိုးရနှင့် KIO တို့နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားရန် သဘောတူသည်။
(၂) နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများ လျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။
(၃) နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ (Joint Monitoring Committee) ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသည်။
(၄) နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ကိစ္စများကို ညှိနှိုင်းကာ ဆက်လက်ဆောင်ရွက်သွားရန် သဘောတူသည်။
(၅) တပ်ပိုင်းဆိုင်ရာ နေရာချထားမှုနှင့် ပတ်သက်၍ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။
(၆) လိုအပ်သော လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်နိုင်ရန် KIO ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ (Technical Team) ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန် သဘောတူသည်။
(၇) နောင်တစ်ကြိမ် ဆွေးနွေးပွဲတွင် ယခုတစ်ကြိမ် တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည်တက်ရောက်ရန် သဘောတူသည်။ အခြားဖိတ်ကြားလိုသော အဖွဲ့များ ရှိပါက နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားရန် သဘောတူသည်။

http://goo.gl/s1VOs

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes